မြန်မာလူမျိုးများ အတွက် ကထိန်အကြောင်း သိကောင်းစရာ

Posted on

ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် ကထိန်ခင်းခြင်း, ကထိန်အလှူပွဲပြုလုပ်ခြင်းတို့ကို အလွန်ပင် စိတ်ဝင်စားကြ ပေသည်၊ ကထိန်အလှူများသို့ မိသားစုတို့ တပျော်တပါး သွားလေ့ရှိကြပေသည်၊ ကထိန်အလှူရှင်များကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆို ကျွေးမွေးလေ့ရှိကြပေသည်၊ စားဖွယ်သောက်ဖွယ်တို့ကို အထူးစီမံ၍ ကျွေးမွေးလေ့ရှိကြပေသည်၊ ကထိန်အလှူပွဲသို့ လာရောက်ကြသူများကလည်း ပျော်ပျော်ပါးပါး သုံးဆောင် မှီဝဲစားသောက်ကြပေသည်၊ ကထိန်တရားကိုလည်း ကထိန်အလှူရှင်များနှင့် အတူ နာယူလေ့ရှိကြပေသည်၊ ၁-နှစ်မှ တစ်ကြိမ် လှူဒါန်းခွင့်ရသောကြောင့် အလွန်အကျိုးကြီးမြတ်သည်ဟု ယုံကြည်ကြပေသည်၊ သင်္ကန်းမှာ ကထိန်, ကျောင်းမှာ သိမ်-ဟူ၍ပင် ဆိုရိုးပြုကြပေသည်။

ကထိန်နှင့်စပ်၍ သိဖွယ်ရာများမှာ- ၁။ ကထိန်ဆိုသည့်စကား၏ အဓိပ္ပါယ် ၂။ ခင်းဆိုသည့် စကား၏ အဓိပ္ပါယ် ၃။ ကထိန်ခင်းရခြင်း အကြောင်း ၄။ ကထိန်ခင်းရခြင်း အကျိုး ၅။ ကထိန်အလှူ မွန်မြတ်သည်ဟု ဆိုရခြင်း ဤ ၅-မျိုးမှာ သိဖွယ်ရာကောင်းလှပေသည်။

၁။ ကထိန်-ဟူသောစကားသည် ကထိန-ဟူသော ပါဠိစကားမှ သက်ဆင်းဖြစ်ပေါ်လာသော စကား ဖြစ်ပေသည်၊ ကထိန်-ဟူသောပါဠိက မြဲခြင်း-ဟူသော အနက်ကို ဟောပါသည်။ မြဲခြင်းအမျိုးမျိုးတို့တွင် အချိန်ကာလ မြဲခြင်းနှင့် အကျိုးတရား မြဲခြင်းတို့ကို ဟောပါသည်၊ ကထိန်-ဟူသည် အချိန်ကာလအားဖြင့်လည်း မြဲ၏။ အကျိုးတရားအားဖြင့်လည်း မြဲ၏-ဟု အဓိပ္ပါယ်ရပါသည်။

( အချိန်ကာလမြဲပုံ )

မြတ်စွာဘုရား သတ်မှတ်ပေးထားသော အချိန်ကာလအတွင်းမှာသာ ကထိန်ခင်းခြင်းကို ပြုလုပ်ကြရ သောကြောင့် ကထိန်သည် အချိန်ကာလအားဖြင့် မြဲပေသည်။ သီတင်းကျွတ် လပြည့်ကျော် ၁-ရက်နေ့မှစ၍ တန်ဆောင်မုန်း လပြည့်နေ့တိုင်အောင် တစ်လအတွင်းမှာသာ ကထိသင်္ကန်းလှူခြင်း၊ ကထိန်ခင်းခြင်းကို ပြုလုပ်ရမည်ဟု မြတ်စွာဘုရား၏ အမိန့်အာဏာတော်ဖြင့် ပိုင်းခြားသတ်မှတ်ပေးထားသောကြောင့် တစ်လအတွင်းမှာသာ ကထိန်ခင်းခြင်းကို ပြုလုပ်ကြရပေသည်၊ အခြားသော နတ်တော် ပြာသိုလ် တပို့တွဲ စသော လများသို့ ပြောင်းရွှေ့ကာ ကထိန်ခင်း၍ မရကြပေ၊ သို့ဖြစ်၍ ကထိန်သည် အချိန်ကာလအားဖြင့် မြဲခြင်းဖြစ်ပေသည်။ ဆောင်။ ။ အချိန်ကာလ, ပြောင်းမရ, မြဲလှကထိန်မည် ။

( အကျိုးမြဲပုံ )

ကထိန်ခင်းသောကျောင်းတိုက်၌ နေထိုင်ကြသည့် (ပုရိမဝါမှ ထသော) ရဟန်းတော်တို့သည် ကထိန်အကျိုး ၅-ပါးကို ရရှိစေ-ဟု မြတ်စွာဘုရား ခွင့်ပြုပေးသနားတော်မူသော အကျိုးတရား ၅-ပါးကို သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ၅-လအထိ မြဲစွာတည်နေ၏၊ တပါးသောလများသို့ ကထိန်အကျိုးတရားများ ပြောင်းသွားခြင်း ရွေ့သွားခြင်း မရှိပေ၊ သို့ဖြစ်၍ ကထိန်သည် အကျိုးတရားအားဖြင့်လည်း မြဲခြင်းဖြစ်ပေသည်။ ဆောင်။ ။ အကျိုးတရား, ရွေ့မသွား, မြဲငြား ကထိန်မည်။

၂။ ခင်းခြင်းဟူသည်-ကထိန်အကျိုးများကို ကျယ်ပြန့်သွားအောင် ပြုလုပ်ခြင်းပင် ဖြစ်ပေသည်၊ ကထိန်မခင်းသော ကျောင်းတိုက်၌ နေထိုင်ကြသော ရဟန်းတော်တို့သည် သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ ၁-လသာ ကထိန်အကျိုးကို ရရှိကြပေသည်၊ ကထိန်ခင်းသော ကျောင်းတိုက်၌ နေထိုင်ကြသော ရဟန်းတော်တို့သည် ၁-လမှ ၅-လအထိ ကျယ်ပြန့်၍ အကျိုးတရားများကို ရရှိကြပေသည်။

ဆောင်။ ။ တလကျိုးကား, ငါးလပွား, ပြန့်သွား ခင်းသည်မည်။ ဥပမာ-မိမိတို့အိမ်သို့ ဧည့်သည်များ ရောက်ရှိလာ၍ ငါးခေါက်ခေါက်ထားသော ကော်ဇောကြီးကို ခင်းချ ဖြန့်ချလိုက်သောအခါ တစ်ဆမှ ငါးဆသို့ ကျယ်ပြန့်သွားသကဲ့သို့ ထို့အတူ ဒကာ ဒကာမများက ကထိန်သင်္ကန်းကို လှူဒါန်းလိုက်သောအခါ သံဃာတော်များက ဝိနည်းကံဖြင့် ကထိန်ခင်းလိုက်သည်ရှိသော် သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ ၁-လသာ ရရှိသော အကျိုးမှ တပေါင်းလပြည့်နေ့တိုင်အောင် ၅-လအထိ ကထိန်အကျိုးတရားများ ကျယ်ပြန့်သွားပေသည်၊ ကထိန်အကျိုးတရား ၅-ပါးကို ရဟန်းတော်များ ၁-လမှ ၅-လအထိ ကျယ်ပြန့်စွာ ခံစားခွင့် ရရှိကြပေသည်။

ဤကဲ့သို့ ဒကာ ဒကာမများက သင်္ကန်းလှူ၍ ဆရာတော် သံဃာတော်များက ၁-လမှ ၅-လအထိ ကထိန်အကျိုးတရား ကျယ်ပြန့်သွားအောင် ဝိနည်းကံဖြင့် ပြုလုပ်ခြင်းကိုပင် ခင်းသည်ဟု ဆိုရပါသည်။

၃။ ကထိန်ခင်းရခြင်းအကြောင်းမှာ-မြတ်စွာဘုရားလက်ထက်တော်အခါက ပါဝေယျကတိုင်းသား ရဟန်း (၃ဝ) တို့သည် မြတ်စွာဘုရားကို ဖူးမြင်ဖို့ရာ ရောက်လာကြရာတွင် သင်္ကန်းကို မိုးစိုး၍ သင်္ကန်းဖြင့် ပင်ပန်းနေကြသောကြောင့် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့ပါသည်။ ပါဝေယျကတိုင်းသား ရဟန်း (၃ဝ)တို့၏ ရဟန်းဖြစ်လာရခြင်းအကြောင်းမှာ-

မြတ်စွာဘုရား ဘုရားဖြစ်ပြီး၍ တစ်ဝါရပြီးသောအခါ ဗာရာဏသီပြည်မှာ ကျွတ်ထိုက်ကြသော ဝေနေယျများကို ထောက်ထားရှုမျှော်ကာ အလိုတော်အတိုင်း သီတင်းသုံးနေထိုင်တော်မူပြီးနောက် ဥရုဝေလတောသို့ ကြွသွားတော်မူ၍ သစ်ပင်ရင်းတစ်ခုမှာ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ ကောသလမင်းကြီးနှင့် ဘတူမိကွဲ ဘဒ္ဒဝဂ္ဂီ ညီနောင် (၃ဝ)တို့သည် ဥရုဝေလတောထဲသို့ ဇနီးမယားတို့နှင့်တကွ ဥယျာဉ်ကစား ပျော်ပါးဖို့ရာ ရောက်လာကြပေသည်၊ ထိုညီနောင် ၃-ကျိပ်တို့အနက် မင်းသားတယောက်မှာ ဇနီးမယား မရှိ၍ ပြည့်တန်ဆာမကို အငှါးမယားအဖြစ် ခေါ်ခဲ့ရသည်၊ ထိုပြည့်တန်ဆာမသည် မင်းသားတို့ မေ့မေ့လျော့လျော့ဖြစ်၍ ပျော်ပါးကစားနေကြစဉ် မင်းသား၏ ပစ္စည်းဥစ္စာဘဏ္ဍာများကို ခိုးယူ၍ ထွက်ပြေးသွားလေသည်၊ မင်းသား ၃ဝ-တို့သည် ခိုးယူထွက်ပြေးသွားသော အမျိုးသမီးကို လိုက်ရှာကြရာ မြတ်စွာဘုရားကို တွေ့မြင်ကြလေ၏၊ မြတ်စွာဘုရားထံ ချဉ်းကပ်၍

(ဘန္တေ ဘဂဝါ ဧကံ ဣတ္ထိံ ပေဿယျ အပိ) ရှင်တော်မြတ်ဘုရား အမျိုးသမီးတယောက်ကို တွေ့မြင်မိပါသလားဘုရား-ဟု လျှောက်၏။မြတ်စွာဘုရားက-(ကိံ ပန ဝေါ ကုမာရာ ဣတ္ထိယာ-) မင်းသားတို့ သင်တို့သည် အမျိုးသမီးကို ဘယ်အတွက် လိုက်ရှာနေကြပါသနည်း-ဟုမေးသော်

မင်းသားတို့က-(ဣဓ မယံ ဘန္တေ တိံသမတ္တာ ဘဒ္ဒဝဂ္ဂိယာ သဟာယကာ သပဇာပတိကာ ဣမသ္မိံဝနသဏ္ဍေ ပရိစာရိမှာ၊ ဧကဿ ပဇာပတိ နာဟောသိ၊ တဿ အတ္ထာယ ဝေသီ အာနီတာ အဟောသိ၊ အထ ခေါ သာ ဘန္တေ ဝေသီ အမှေသု ပမတ္တေသု ပရိစာရေန္တေသု ဘဏ္ဍံ အာဒါယ ပလာယိတ္ထ၊ တေ မယံ ဘန္တေ သဟာယကာ သဟာယကဿ ဝေယျာဝစ္စံ ကရောန္တာ တံ ဣတ္ထိံ ဂဝေသန္တာ ဣမံ ဝနသဏ္ဍံ အာဟိဏ္ဍာမ-)

ရှင်တော်မြတ်ဘုရား တပည့်တော်တို့သည် မိမိတို့ဇနီးမယားနှင့်အတူ ဤတောအုပ်၌ ထိုထိုဤဤ လှည့်လည်ကုန်လျက် ပျော်ပျော်ပါးပါး ခံစားခဲ့ကြပါကုန်သည်ဘုရား၊ တပည့်တော်တို့ ၃-ကျိပ်တို့အနက် မင်းသားတယောက်မှာ ဇနီးမရှိပါဘုရား၊ ထိုမင်းသားအတွက် ပြည့်တန်ဆာမတယောက်ကို ခေါ်ဆောင်ခဲ့ပါသည်ဘုရား၊ ယခု ထိုပြည့်တန်ဆာမက တပည့်တော်တို့ မေ့လျော့ပျော်ပါးနေကြစဉ် ဘဏ္ဍာကိုယူ၍ ထွက်ပြေးသွားပါသည်ဘုရား၊ ထိုအမျိုးသမီးတယောက် ပျောက်သွားသဖြင့် လိုက်ရှာရသည့်အကြောင်း လျှောက်ထားကြလေသည်။

ထိုအခါ မြတ်စွာဘုရားက-(တံ ကိံ မညထ ဝေါ ကုမာရာ၊ ကတမံ နုခေါ တုမှာကံ ဝရံ၊ ယံ ဝါ တုမှေ ဣတ္ထိံ ဂဝေသေယျာထ၊ ယံ မယံ အတ္တာနံ ဂဝေသေယျာထ) မင်းသားတို့ ယခုငါပြောမည့်စကားကို သင်တို့ ဘယ်လိုမှတ်ထင်ကြသနည်း-သင်တို့သည် ပျောက်သွားတဲ့ မိန်းမကို ရှာခြင်းနှင့် မိမိကိုယ်ကို ရှာခြင်းတို့တွင် အဘယ်ရှာခြင်းက ပိုမြတ်ပါသနည်း-ဟု မေးတော်မူ၏၊ ပါရမီရင့်နေကြသော မင်းသားတို့က မိမိကိုယ်ကို ရှာခြင်းက ပို၍မြတ်ပါသည်ဘုရား-ဟု လျှောက်ထားကြလေ၏၊

ဤကဲ့သို့ မိမိကိုယ်ကို ရှာခြင်းက ပိုမြတ်တယ်ဆိုရင် သင်တို့ ထိုင်ကြကုန်လော့၊ သင်တို့အား ငါဘုရား တရားဟောမည်-ဟု မိန့်တော်မူပြီး

၁။ ဒါနကထာ-ဒါနနှင့်စပ်သောစကား ၂။ သီလကထာ-သီလနှင့်စပ်သောစကား ၃။ သဂ္ဂကထာ-နတ်ပြည်နှင့်စပ်သောစကား ၄။ ကာမာနံ အာဒီနဝကထာ-ကာမဂုဏ်တို့၏ အပြစ်နှင့်စပ်သောစကား ၅။ နေက္ခမ္မေ အာနိသံသကထာ-ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်း၌ အကျိုးနှင့်စပ်သောစကား ဤဒေသနာတော်အစဉ်ကို ဟောတော်မူ၏။

တရားတော်ကို နာကြားရသဖြင့် မင်းသားတို့စိတ်သည် နူးညံ့လျက် နီဝရဏကင်းစင် စိတ်ထားကြည်လင်နေကြ သည်ကို သိတော်မူသော ဘုရားရှင်သည် ဒုက္ခ, သမုဒယ, နိရောဓနှင့် မဂ္ဂ-ဟူသော သစ္စာလေးပါး တရားတော်ကို ဟောဖော်ညွှန်ပြတော်မူလေ၏။

ထိုအခါ မင်းသားတို့၏ သန္တာန်အသီးသီးဝယ် ညစ်ကြေးမတင် သန့်ရှင်းစင်ကြယ်သော အဝတ်ဖြူ၌ ဆိုးရေသည် ကောင်းစွာစွဲသကဲ့သို့ ဒိဋ္ဌိ ဝိစိကိစ္ဆာ-စသော မြူအညစ်အကြေးကင်းသော ဓမ္မဉာဏ်မျက်စိ ဖြစ်ပေါ်လာလေ တော့၏။ အချို့က သောတာပတ္တိမဂ်, အချို့က သကဒါဂါမိမဂ်, အချို့က အနာဂါမိမဂ်ကို ရကြလေသည်။

ဓမ္မမျက်စိ ရပြီးကြသော မင်းသား ၃-ကျိပ်တို့သည် ဘုရားရှင်ထံ ရှင်ရဟန်းအဖြစ်ကို လျှောက်ထား တောင်းပန်ကြ ကုန်၏။ မြတ်စွာဘုရားက-ဧထ ဘိက္ခဝေါ-ဟု ခေါ်တော်မူကာ ဧဟိ ဘိက္ခု-ရဟန်းပြုပေးတော်မူ၏၊ ဧဟိ ဘိက္ခု-ရဟန်း လာလော့, ကောင်းစွာ ဆင်းရဲ၏အဆုံးကို ပြုဖို့ရန် မြတ်သောအကျင့်ကို ကျင့်လှည့်လော့-ဟု ဘုရားရှင်ခေါ်တော်မူသည်နှင့် တပြိုင်နက် လူ့အသွင်ကွယ်ပျောက်၍ အလိုအလျောက် ခေါင်းတုံးရိတ်ပြီး သင်္ကန်းတို့ကို ဝတ်ရုံလျက် သပိတ်ကိုလွယ်ကာ ဖြစ်ပေါ်လာ၏။

မြတ်စွာဘုရား သာဝတ္ထိမြို့တော်၏ တောင်ဘက်ရှိ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အာရညကင်ဓုတင်, ပိဏ္ဍပါတ်ဓုတင်, ပံသုကူဓုတင်, တိစီဝရိတ်ဓုတင်များကိုဆောင်ကြသော ပါဝေယျက တိုင်းသား ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ် ရဟန်းတော်တို့သည် ၁၃-နှစ်တိုင်တိုင် တောအရပ်၌ နေကြပြီးသောအခါ မြတ်စွာဘုရားကိုဖူးမြင်ရန် သာဝတ္ထိမြို့တော်သို့ အလာဝယ် ဝါဆိုဝါကပ်ရာနေ့ နီးလွန်း၍ သာဝတ္ထိမြို့တော်သို့ ဝါဆိုအမီ ရောက်ဖို့ကား မစွမ်းနိုင်ကြသောကြောင့် လမ်းခရီးအကြားရှိ သာဝတ္ထိနှင့် ၆-ယူဇနာကွာဝေးသော သာကေတမြို့၌ ဝါကပ်ခဲ့ကြရကုန်၏။.

ဤသာကေတမြို့မှ ၆-ယူဇနာမျှသာ ကွာဝေးသော သာဝတ္ထိမြို့တော်၌ ဘုရားရှင် သီတင်းသုံးတော် မူနေသော်လည်း ဘုရားရှင်ကို ဖူးမြင်ခွင့် မရကြကုန်-ဟု တွေးကြံကြပြီး ငြီးငွေ့လျက် မိုးလပတ်လုံး နေကြရကုန်၏။ မိုးလလွန်၍ ပဝါရဏာပြုပြီးကြသော် ခရီးဆက်လက်ကြွတော်မူကြရာ လမ်းခရီးအကြား၌ မိုးကြီးသည်းထန်စွာ ရွာသွန်းမှုကြောင့် သင်္ကန်းများ မိုးစို ရွှံ့ညွှန်များပေကျံ၍ ပင်ပန်းစွာ မြတ်စွာဘုရားထံသို့ ရောက်လာကြကုန်၏။

ထိုအခါ ဘုရားရှင်က-ချစ်သားရဟန်းတို့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ညီညီညွတ်ညွတ် မျှမျှတတ ရှိကြလျက် ခရီးလမ်းပန်း ပင်ပန်းမှုမရှိဘဲ လာခဲ့ကြရကုန်သလော-စသည်ဖြင့် နှုတ်ဆက်စကား မိန့်ကြားသော် ရဟန်းသုံးကျိပ်တို့သည် ကျန်းမာ မျှတ ညီညွတ်ကြပါသည်ဘုရား၊ သို့သော် တပည့်တော်များ ဘုရားဖူရန် အလာဝယ် သာဝတ္ထိမြို့တော်သို့ ဝါဆိုမီရောက်ဖို့ရန် မစွမ်းနိုင်သောကြောင့် သာကေတမြို့၌ ဝါကပ်ခဲ့ကြပါသည်ဘုရား။

မိုးလလွန်၍ ပဝါရဏာပြုပြီးသော် ခရီးဆက်လက် လာခဲ့ကြရာ လမ်းခရီးအကြား၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သင်္ကန်းများ မိုးစို ရွှံ့ညွှန်များပေကျံ၍ လေးလံသောသင်္ကန်းများဖြင့် ပင်ပန်းစွာ လာခဲ့ရပါသည်ဘုရား။ ထိုအခါ ဘုရားရှင်သည် ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ် ရဟန်းတော်တို့၏ ဖြစ်ကြောင်းကုန်စင်ကို ထောက်ရှုတော်မူလျက် အစမထင် သံသရာတခွင်၌ ဖြစ်ခဲ့သော အကြောင်းအရာနှင့်စပ်သော တရားတော် (သံယုတ္တနိကာယ် နိဒါနဝဂ္ဂ အနမတဂ္ဂသံယုတ် တိံသမတ္တသုတ်) ကို ဟောတော်မူလျှင် ထိုရဟန်းတော်တို့သည် တရားတော်၏ ပြီးဆုံးချိန်၌ ရဟန္တာဖြစ်သွားကြလေ၏။ ထို့နောက် ဘုရားရှင်သည် အနုဇာနာမိ ဘိက္ခဝေ ဝဿံ ဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ-ရဟန်းတို့ မိုးလပတ်လုံး နေပြီးသော (ပုရိမဝါမှ ထကုန်သော) ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ငါဘုရား ခွင့်ပြုတော် မူ၏-ဟု ကထိန်ခင်းရန် ခွင့်ပြုတော်မူခဲ့ပါသည်။

၄။ ကထိန်ခင်းရခြင်း အကျိုးမှာ-ဒကာ ဒကာမများက ကထိန်သင်္ကန်းလှူဒါန်းသဖြင့် ရဟန်းတော်များက ဝိနည်းကံဖြင့် ကထိန်ခင်းလိုက်သော အခါ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ကထိန်အကျို (၅)မျိုးကို ရဟန်းတော်များ ရရှိကြပေသည်။ ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ရဟန်းတော်များရရှိသော အကျိုး(၅)ပါးနှင့် လျော်ညီစွာ အကျိုး(၅)ပါး ရရှိကြပေသည်။

(၁) အနာမန္တစာရ-ပင့်ဖိတ်ထားသော ဆွမ်းရှိပါလျက် ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ အရပ်တပါးသို့ သွားသော်လည်း အာပတ်မသင့်ခြင်း အကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။ဆောင်ပုဒ်။ ။ မပန်မကြား၊ လိုရာသွား၊ ပြစ်များ မသင့်ပြီ။ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ဖြစ်လေရာ ဘဝတိုင်း ဘဝတိုင်း၌ အရပ်ဒေသ တပါးသို့ သွားလိုသောအခါ သူတပါးတို့ တားဆီးခြင်းမပြုနိုင်။ လွတ်လပ်စွာ သွားနိုင်ခြင်းအကျိုးကို ရရှိကြပေသည်။ဆောင်ပုဒ်။ ။ တားဆီးကင်းကွာ၊ လွတ်လပ်စွာ၊ လိုရာသွားနိုင်သည်။

(၂) အသမာဒါနစာရ-တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့တွင် တထည်ထည်ကို ထားလိုရာ အရပ်၌ထားကာ သွားသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။ဆောင်ပုဒ်။ ။ သုံးထည်ထဲမှာ၊ ထားလိုရာ၊ ထားကာ သွားနိုင်သည်။ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ဖြစ်လေရာ ဘဝတိုင်း ဘဝတိုင်းတို့၌အရပ်တပါးသို့ သွားလာခြင်းကိစ္စ၊ အလုပ်အကိုင်ကိစ္စတို့ကို ပြုလုပ်သောအခါ တာဝန်ကိစ္စများ မလေးပါဘဲ ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူနှင့် ပြီးမြောက်ခြင်းအကျိုးကို ရရှိကြပေသည်။ဆောင်ပုဒ်။ ။ တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည်။

(၃) ဂဏဘောဇန- ၄-ပါး ၄-ပါးထက် ပိုလွန်သော ရဟန်းတော်တို့ကို ထမင်းစား လာခဲ့ပါ၊ ဟင်းစား လာခဲ့ပါ၊ မုန့်စား လာခဲ့ပါ စသည်ဖြင့် မအပ်သော ဖိတ်ခြင်းဖြင့် ဖိတ်အပ်သော ဆွမ်းဘောဇဉ်များကို စားလိုက လိုက်၍ စားသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။ဆောင်ပုဒ်။ ။ လေးပါးတူပင်၊ ဂိုဏ်းဘောဇဉ်၊ စားချင် စားနိုင်သည်။ကထန်ိသင်္ကန်း လှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ဖြစ်လေရာ ဘဝတိုင်း ဘဝတိုင်း၌ စားလိုရာ အာဟာရအမျိုးမျိုးတို့ကို စားချင်တိုင်း စားပါသော်လည်း ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ အဆိပ်ဖြစ်ခြင်း စသော ဘေးဖြစ်ခြင်းမည်သည် မရှိ၊ စားသမျှ ကြေညက်ခြင်းအကျိုးကို ရရှိကြလေသည်။ဆောင်ပုဒ်။ ။ စားလိုရာများ၊ စားသော်ငြား၊ ဘေးကားမဖြစ်ပြီ။

(၄) ယာဝဒတ္တစီဝရ-များစွာသော သင်္ကန်းတို့ကို အဓိဋ္ဌာန်မတင်၊ ဝိကပ္ပနာမပြုပါဘဲ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ငါးလအထိ သိမ်းဆည်းထားပါသော်လည်း အာပတ်မသင့်ခြင်း အကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။ဆောင်ပုဒ်။ ။ သင်္ကန်းများစွာ၊ ငါးလမှာ၊ သိမ်းကာထားနိုင်သည်။ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ဖြစ်လေရာ ဘဝတိုင်းဘဝတိုင်း၌ စိန်၊ ရွှေ၊ ငွေ၊ ပတ္တမြား စသည် များစွာသော ရတနာတို့ကို သိမ်းဆည်းထားပါသော်လည်း ရန်သူမျိုး(၅)ပါး ဘေးရန်များ မရှိပါဘဲ ကောင်းမွန်စွာ သိမ်းဆည်းထားနိုင်ခြင်းအကျိုးကို ရရှိကြပေသည်။ဆောင်ပုဒ်။ ။ ပစ္စည်းအများ၊ သိမ်းပိုက်ထား၊ ဘေးကား မရှိပြီ။

(၅) ယောစတတ္ထ စီဝရုပ္ပါဒ-ကထိန်ခင်းပြီးသည်မှနောက်၌ ကထိန်ခင်းသော ကျောင်းတိုက်သို့ တပါးသော ကျောင်းတိုက်က သံဃာတော်များ လာရောက်နေထိုင်ကြရာတွင် သံဃာအားလုံးအတွက် သင်္ကန်းလှူဒါန်း ပါသော်လည်း မူလ ကထိန်ခင်းထားသော ကျောင်းတိုက်က သံဃာတော်များကသာ ပိုင်ဆိုင်ရရှိခြင်း အကျိုးကိုလည်း ရရှိပေသည်။ဆောင်ပုဒ်။ ။ သံဃာလှူငြား၊ သင်္ကန်းများ၊ သူ့အားသာ ဖြစ်သည်။ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ဖြစ်လေရာ ဘဝတိုင်း ဘဝတိုင်း၌ ကိုယ့်ပစ္စည်းများကို ကိုယ်မပေးလိုက ဘယ်လို တန်ခိုးအာဏာ ကြီးမားသူကမှ အနိုင်အထက်ပြု၍ မယူနိုင်။ ကိုယ်ကပေးမှသာ ယူလို့ရခြင်းအကျိးကို ရရှိကြပေသည်။ဆောင်ပုဒ်။ ။ ကိုယ့်ပစ္စည်းများ၊ သူတပါး၊ ယူသွားကင်းပသည်။

၅။ ။ ကထိန်းသင်္ကန်းအလှူ မွန်မြတ်သည်ဟု ဆိုရခြင်းမှာ ရဟန်းတော်တို့သည် ကထိန်သင်္ကန်းမှ တပါးသော သင်္ကန်းများကို အလိုရှိသောအခါ မိဘ မိတ်ဆွေများ ထံမှာလည်း တောင်းကောင်းပေသည်။ သင်္ကန်းအလိုရှိသောအခါ တောင်းခံပါဘုရားဟု ဖိတ်ထားသော သူများထံမှလည်း တောင်းကောင်းပါသည်။

ကထိန်သင်္ကန်းကိုမူ မိဘ ဆွေမျိုးများနှင့် ဖိတ်ထားသူများထံ၌ မတောင်းကောင်းပေ။ ကောင်းကင်မှ ကျလာသကဲ့သို့ ဒကာ ဒကာမများ သူ့အလိုအလျောက် သဒ္ဓါတရားဖြစ်ပွား၍ လှူဒါန်းလာသော သင်္ကန်းကိုသာ ခံယူ၍ ကထိန်ခင်းရပေသည်။ ဤကဲ့သို့ တောင်းခံခြင်း လုံးဝမပါ သန့်ရှင်းဖြူစင်စွာ ရရှိသော သင်္ကန်းဖြစ်၍ မွန်မြတ်လှပေသည်။ မွန်မြတ်သည်ဟု ဆိုရပေသည်။ကထိန်သင်္ကန်းမှတပါးသော ပစ္စည်း ၄-ပါးကို သဒ္ဓါတရားရှိသူ ဒကာ ဒကာမများက လှူဒါန်း၍ ခံယူကြရသောအခါ

မြတ်စွာဘုရားက-ချစ်သားရဟန်းတို့ ရဟန်းသီလမရှိဘဲ သူတပါးလှူဒါန်းသော သင်္ကန်းကို ဝတ်ရုံရခြင်းသည် မီးအလျှံ ပြောင်ပြောင် တောက်လောင်နေသော သံပြားကို ဝတ်ရုံရသည်ထက်ပင် ဆင်းရဲဒုက္ခ များလှပေသည်။ဆွမ်းကိုသုံးဆောင်ခြင်းသည် မီးအလျှံပြောင်ပြောင် တောက်လောင်နေသော သံတွေခဲကို မျိုရသည်ထက်ပင် ဆင်းရဲဒုက္ခ များလှပေသည်။

ကျောင်း၌နေထိုင်ရခြင်းသည် မီးအလျှံပြောင်ပြောင် တောက်လောင်နေသော သံနှောင်အိမ်ထဲ၌ နေရသည်ထက်ပင် ဆင်းရဲဒုက္ခ များလှပေသည်။ စသည်ဖြင့် နှိပ်ကွပ်၍ သတိပေးစကား မိန့်ကြားတော်မူပါသည်။ကထိန်သင်္ကန်းကို အလှူခံရာ၌ ရဟန်းတော်များကို ချီးမြှောက်၍ မိန့်ကြားတော်မူပါသည်။

ချစ်သားရဟန်းတို့-ကထိန်းသင်္ကန်းကိုလည်း ခံယူကြစေ၊ ကိန်အကျိုးတရား ၅-ပါးကိုလည်း တလမှ ငါးလအထိ ရရှိကြစေ-ဟု ချီးမြှောက်၍ မိန့်ကြားတော်မူသောကြောင့် ကထိန်းသင်္ကန်းအလှူသည် မွန်မြတ်လှပေသည်။ မွန်မြတ်သည်ဟု ဆိုရပေသည်။ကထိန်သင်္ကန်းအလှူသည် တစ်နှစ်မှတစ်ကြိမ်၊ တစ်ကြိမ်မှာလည်း တစ်လအတွင်းသာ၊ တစ်လအတွင်းမှာလည်း တစ်ရက်ဖြင့်သာ အပြီးခင်းရသောကြောင့် မွန်မြတ်လှသည်ဟု ဆိုရပေသည်။

( သဒ္ဓမ္မရံသီ ဆရာတော် )သိကောင်းစရာ ဓမ္မပဒေသာ-ပထမတွဲ စာမျက်နှာ ၁၃၂-မှ ကူးယူဖော်ပြသည်။

Leave a Reply

Your email address will not be published.