၇ ရက် သားသမီးများ အတွက် တစ်သက်တာ ဂဏန်းဗေဒင်ဟောကိန်း (6) ဂဏန်းသမားများ အကြောင်း တစေ့တစောင်း

Posted on

(6)ဂဏန်းဟာ ထူးခြားတယ်။ (1) ကနေ (9)အတွင်းမှာ ရှိတဲ့ ဂဏန်းအားလုံးထဲမှာ “အငြိမ်သက်ဆုံး” ဂဏန်းတစ်ခုလို့ ဆိုရမယ် (6)ဂဏန်းသမားတွေဟာ အေးချမ်းငြိမ်သက်စွာ နေလို သူတွေ ဖြစ်တယ်။ မေတ္တာတရားကြီးမားကြတယ်။ သူ့ဟာသူထင်ပေါ်ကျော်ကြားလာရင်တော့ ကျော်ကြားမယ်။ ကျော်ကြားမှုကို လုပ်မယူတတ်ကြဘူး။ ခေါင်းဆောင်နေရာကို အတင်းလု မယူလိုကြဘူး။ ကျရာ တာဝန်ကိုဘဲ ထမ်းချင်ကြတယ်။

လူတွေက ခေါင်းဆောင်နေရာတင်ပေးမှ လုပ်ချင်လုပ်မယ်။ ဒါကြောင့် သူတို့ကို ထင်ထင် ပေါ်ပေါ် သိပ်မတွေ့ရတာဘဲဖြစ်တယ်။ နောက်တစ်ခုက (6)ရယ်၊ (15)ရယ်၊ (24)ရယ် ဂဏန်း (၃)မျိုးရှိတဲ့အထဲမှာလည်း တစ်ခုနဲ့ တစ်ခုဟာ သိပ်မဆင်တူကြဘူး။ သီးခြား ဂုဏ်အင်္ဂါ စရိုက်တွေ ရှိနေကြတာကိုလည်း သွားတွေ့ရတယ်။

(6)ဂဏန်းဟာ နေစင်္ကြာဝဠာထဲမှာ ဗီးနပ်စ် လို့ခေါ်တဲ့ သောကြာဂြိုဟ်မင်းရဲ့ အမှတ်အသားပါ။ သူဟာ နေမင်းအနီးမှာ အမြဲကပ်လျှက် တည်ရှိ နေတတ်ပြီး ညနေခင်း နေဝင်ချိန်နဲ့ နံနက် အရုဏ်တက်ချိန်မှာတွေ့ရလေ့ရှိတယ်။ မိုးသောက်ကြယ် ဆိုတာလည်း သူပါဘဲ။ နေဝင်ကြယ်ဆိုတာလည်း သူပါဘဲ။ ဂြိုဟ်အားလုံးထဲမှာ အတောက်ပြောင်ဆုံး နဲ့ အထင်ရှားဆုံး လည်းဖြစ်တယ်။ ဂရိလူမျိုးတွေရဲ့ ဒဏ္ဍာရီအရ သောကြာဂြိုဟ် ဗီးနပ်စ်ဟာ အလှနတ် ဘုရားမ ဖြစ်ပြီး သူ့ရဲ့ သင်္ကေတဟာ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့အမှတ်အသားဖြစ်တယ်။

သောကြာဂြိုဟ်ဟာ ချစ်ခြင်းမေတ္တာ၊ တဏှာပေမ၊ အနုပညာရပ်များ၊ အလှအပတရား၊ သဘာဝတရား၊ မိခင်ဆန်ခြင်း၊ လောကစည်းစိမ်နဲ့ နူးညံ့ သိမ်မွေ့တဲ့ အာရုံခံစားမှု တွေရဲ့ သင်္ကေတ လည်းဖြစ်တယ်။ ဒါကြောင့် (6)ဂဏန်းသမားတွေဟာ အနုပညာကို ခံစားထိသိလွယ်သူတွေဖြစ်ပြီး နူးညံ့ သိမ်မွေ့တဲ့ စိတ်ရှိကြတာများတယ်။

သူတို့ဟာ အရာရာမှာ နရီစည်းဝါးကျခြင်း(Hermony)၊ အစီအစဉ်ကျနခြင်း(Order)၊ ငြိမ်းချမ်းငြိမ်သက်ခြင်း (Peace) များကို နှစ်သက်မြတ်နိုးတတ်တယ်။ ကိုယ်တိုင် အနုပညာရှင်ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် အနုပညာရပ်များကို မြတ်နိုး တတ်ကြသူများ ဖြစ်တယ်။ ဖရိုဖရဲဖြစ်ခြင်း၊ ဆူပူခြင်း၊ ဗရမ်းဗတာဖြစ်ခြင်းများကို နှစ်သက်လေ့မရှိကြဘူး။

မိမိ မိသားစုနဲ့နေအိမ် အပေါ်မှာ ခင်တွယ် မြတ်နိုးတတ်ကြပြီး မိမိရဲ့ နေအိမ်နဲ့ ပတ်ဝန်းကျင် ကိုလည်း ထာဝစဉ် လှပနေကြ စေလိုသူများဖြစ်တယ်။ သူတို့ဟာ ငြိမ်းချမ်းသာယာခြင်းကို မြတ်နိုးကြသူများဖြစ်ပြီး တကယ် လိုအပ်လာရင် ငြိမ်းချမ်းရေး အတွက် တိုက်ပွဲဝင်ဖို့ ဝန်မလေးကြသူ များဖြစ်တယ်။

(6)ဂဏန်းသမားတွေကို ပန်းချီ ပန်းပု သရုပ်ဆောင်အနုပညာရှင်များ၊ စာပေပညာရှင်များ အဖြစ် တွေ့မြင်ရတတ်သလို လူ့လောကကြီး ငြိမ်းချမ်းသာယာဖို့ နဲ့၊ ဖိနှိပ်ချုပ်ချယ်မှု များအောက်မှ လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေသူများအဖြစ်လည်း တွေ့ရတတ်တယ်။ သူတို့ တိုက်ပွဲဝင်နေကြတာဟာလည်း ဆူပူလိုခြင်း၊ အကြမ်းဖက်လိုခြင်း၊ အာဏာရယူလိုခြင်းများ အတွက် မဟုတ်ဘဲ လူ့လောကကြီး ငြိမ်းချမ်းသာယာစေဖို့အတွက်သာ ဖြစ်ကြတယ်။

ဒါကြောင့် (6)ဂဏန်းသမားတွေထဲမှာ ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားကြီးကို ရေးဆွဲခဲ့တဲ့ လီယိုနာ ဒိုဒါဗင်ချီ၊ ပန်းချီပန်းပုပညာရှင် မိုက်ကယ်အိန်ဂျလို၊ စာရေးဆရာမကြီး အာဂါသာ ခရစ္စတီး၊ မွန်တီခရစ္စတိုဖာနယ်စားကြီး၏ ရတနာသိုက် ဆိုတဲ့ နာမည်ကျော် ဝတ္တုကြီးကိုရေးသားခဲ့တဲ့ စာရေးဆရာကြီး အလက်ဇန်းဒါး ဒူးမား၊ စာရေးဆရာကြီး ဆာဝေါ်လတာ စကော့ တို့လို ပုဂ္ဂိုလ်မျိုးတွေရှိသလို။ ပြင်သစ်တော်လှန်ရေး အာဇာနည် သူရဲကောင်းမလေး ဂျူန်းအော့အာ့ခ် ၊ ပါလက်စတိုင်းလွတ်မြောက်ရေးခေါင်းဆောင်ကြီး ရာဆာအာရာဖတ်၊ အမေရိကန် လူမည်းတို့ ရဲ့ လွတ်လပ်ခွင့်အတွက် အသက်စွန့်တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်း တို့လို ပုဂ္ဂိုလ်တွေလည်း ပါဝင်နေတာဖြစ်တယ်။

(6)ဂဏန်းသမားတွေဟာ စိတ်ထားနူးညံ့သိမ်မွေ့ကြသူတွေ မေတ္တာတရားကြီးကြသူတွေဖြစ်လို့ စစ်ခေါင်းဆောင်တွေ ဖြစ်ရင်သော်မှ စိတ်ထားအနူးညံ့ဆုံး၊ သဘောထားအကြီးဆုံး ဖြစ်တတ်တာကို ဒုတိယကမ္ဘာစစ်ကြီးမှာ နာဇီဂျာမဏီ စစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ “အာဝင်ရွန်းမဲလ်” က သက်သေခံနေပါတယ်။

အာဝင်ရွန်းမဲလ်ဟာ နာဇီစစ်ခေါင်းဆောင် ဖြစ်ပေမယ့် စိတ်သဘောထားအကြီးဆုံး၊ စစ်တိုက်တာကလွဲပြီး ဂျူးလူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ် ညှင်းဆဲ ရာမှာ မပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ နောက်ဆုံး အာဏာရှင် ဟစ်တလာကို အာခံခဲ့လို့ သေဒဏ်အပေးခံရတဲ့ အထိအောင် ဖြစ်ရပါတယ်။ သူဟာ (15)ရက်ဖွား (6)ဂဏန်းသမားဖြစ်ပါတယ်။

(6)ဂဏန်းသမား (၃)မျိုးရဲ့ သီးခြား ဂုဏ်အင်္ဂါတွေကတော့-

အနုပညာ ဗီဇစိတ်နဲ့ မြတ်နိုးမှုကတော့ (6)ဂဏန်းသမားတိုင်း ရှိနေလို့ ဒါကိုတော့ အထူးမပြောလိုဘူး။ ထီးတည်းဂဏန်း လို့ ခေါ်တဲ့ (6)ရက်နေ့ မွေးတဲ့ (6)ဂဏန်းသမား များဟာ ကျန်(6)ဂဏန်းတွေနဲ့ ယှဉ်ရင် ပိုပြီး နူးညံ့သိမ်မွေ့မှုနဲ့ ချစ်ခြင်းမေတ္တာတရား ပိုမိုများပြားသူများဖြစ်တယ်။ သူတို့ဟာ ခင်မင် နှစ်လိုဘွယ်ကောင်းတဲ့ ဥပတိရုပ် မျိုးတွေ ရှိတတ် ကြတယ်။ သူများတွေရဲ့ အခက်အခဲတွေကို အမြဲတန်းကူညီ ဖြေရှင်းလိုကြသူများဖြစ်တယ်။

လူတစ်ဖက်သား အပေါ်မှာ အလွန်စိတ်ချယုံကြည်လွယ်သူများဖြစ်တယ်။ ဒါကို အခွင့်ကောင်းယူပြီး သူတို့အပေါ် အမြတ်ထုတ် သွားမှုမျိုး တွေကိုလည်း ဘဝမှာ အမြဲခံကြ ရတတ်တယ်။ သူတို့ဟာ မိတ်ဆွေ၊ သူငယ်ချင်းများအပေါ်မှာ အလွန်ခင်မင်ပြီး သစ္စာရှိတတ် ကြသူများဖြစ်တယ်။ အရေးကြုံရင် ကူညီဖို့ ဝန်မလေးတဲ့ မိတ်ဆွေကောင်းတွေ ဖြစ်တယ်။

ဒါပေမယ့် သူတို့အပေါ်မှာ ပြန်လည်တုန့်ပြန်ကူညီမှုများကတော့ မရှိသလောက် ရှားပါတယ်။ သူတို့ရဲ့ ဘဝဟာ နိမ့်မြင့်တက်ကျ သိပ်မရှိလှဘဲ ငြိမ်သက် လွန်းလှပါတယ်။ ဒါကြောင့် ကျွန်တော့်ကို သချင်္ာဗေဒပညာကို သင်ကြားပေးခဲ့တဲ့ ဆရာဖြစ်သူ ဆရာဦးဝင်းမြင့်သိန်း (ဆင်ဖြူကျွန်း) က ထီးတည်း (6)ဂဏန်းသမားများကို “ကြေကွဲဝမ်းနည်းမှုနဲ့ ငြိမ်သက်နေကြ သူများ” လို့ ကင်ပွန်းတပ်ထားပါတယ်။ သူတို့ဘဝမှာ အခြား သူတွေ မသိတဲ့၊ အခြားသူတွေ မသိစေချင်တဲ့ ကြေကွဲဝမ်းနည်း မှုတွေ ရှိတတ်ပြီး၊ ဒါကိုလည်း ရင်ထဲမှာ သိမ်းဆည်းထားကြရသူများလို့ ဆိုပါတယ်။

(15)ရက်နေ့မှာ မွေးတဲ့ (6)ဂဏန်းသမားများကျပြန်တော့လည်း တစ်မျိုးတစ်ဘာသာပါဘဲ။ သူတို့ဟာ တစ်ကယ့် အချစ်စစ် ကို တန်ဖိုးထားတတ်ကြသူများ ဖြစ်တယ်။ အလှအပတရားကို အလွန်မြတ်နိုးကြတယ်။ မိသားစုဘဝကိုလည်း ခင်တွယ်မြတ်နိုး တတ်သလို သဘာဝလောကကြီးကိုလည်း ခင်တွယ်မြတ်နိုး တတ်ကြသူများဖြစ်တယ်။ ရိုးသားဖြောင့်မတ် ကြသူများလည်း ဖြစ်ကြတယ်။ မိမိအိမ်ထောင်ဘက်နဲ့ သားသမီးများအပေါ်မှာလည်း အလွန်ချစ်ခင် မြတ်နိုးတတ်ကြသူများဖြစ်တယ်။ ဒါပေမယ့် (15)ရက်ဖွား အတော် များများဟာ ကိုယ်ပေးဆပ် သလောက် ပြန်မရကြတာ ပိုများပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေး မှာ အလွန်အနစ်နာ ခံကြရသူများဖြစ်တယ်။ သူတို့ဟာ သောကြာဂြိုဟ် စိုးမိုးမှုအောက်မှာ ရှိတယ်ဆိုပေမယ့် Taro-Numerology ပညာအရ နောက်ကွယ်က ကြိုးကိုင်နေတာက စနေဂြိုဟ်ဖြစ်ပါတယ်။ ဒါကြောင့် (15)ရက်ဖွားများဟာ Current of Destiny မကောင်းရင် ဥပစ္ဆေဒက ကံ သင့်တတ် ကြသူများဖြစ်တာကိုတော့ အထူးသတိထားရပါမယ်။

(24)ရက်နေ့မှာမွေးတဲ့ (6)ဂဏန်းသမားများကျတော့လည်း စိတ်ထားခက်ထန်ကြသူများလို့ မပြောနိုင်ပေမယ့် ကြီးပွား တိုးတက်လိုစိတ်၊ ထင်ပေါ်ကျော်ကြား လိုစိတ်များ ရှိတတ်ကြပြန်ပါတယ်။ သူတို့ဟာ အလွန်သွက်လက်၊ ဖြတ်လတ် ကြသူများ (Super Active)များ ဖြစ်တယ်။ လူမှုဆက်ဆံရေး အလွန်ကောင်းပြီး ဆွဲဆောင်နိုင်တဲ့ ဥပတိရုပ်မျိုး ရှိကြသူများ ဖြစ်တယ်။

ထက်မြက်ပြတ်သားပြီး ခေါင်းဆောင်အရည်အသွေးရှိသူများဖြစ်တယ်။ စည်းရုံးရေး အလွန်ကောင်းပြီး လူအများကို ကိုယ့်ဖက် ပါလာအောင် ဆွဲဆောင်နိုင်စွမ်းရှိကြသူများဖြစ်တယ်။ စည်းရုံးရေးကောင်းသလို စီမံခန့်ခွဲမှုအရည်အသွေးလည်း အလွန် ကောင်းတတ် ကြတယ်။

(24)ဂဏန်းသမားတွေကို အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအဖြစ် အများအပြား တွေ့ရ တတ်တယ်။ လိင်ကိစ္စကို စိတ်အားထက်သန် တတ်ကြပြီး အချစ်ရေး၊ အိမ်ထောင် ရေး ရှုတ်ထွေးမှုတွေ များတတ်တယ်။ တစ်ခြား (6)ဂဏန်းသမားများထက် စာရင် သူတို့ဟာ တစ်ကိုယ်ကောင်း ဆန်ချင်တဲ့ သဘောမျိုး၊ အာဏာရှင်ဆန်တဲ့ သဘောထားမျိုး ရှိတတ်ကြတယ်။

သူတို့နဲ့ တည့်တဲ့ဂဏန်းလေးတွေနဲ့ သူတို့ဘဝ အကျိုးပေး လုပ်ငန်းလေးတွေကတော့-

သူတို့ဟာ (2)ဂဏန်း၊ (3)ဂဏန်း၊ (6)ဂဏန်း၊ (9)ဂဏန်းသမားတွေနဲ့ သင့်မြတ်ပြီး (5)ဂဏန်း (7)ဂဏန်း သမားတွေနဲ့လည်း တွဲဖက်လို့ ရပါတယ်။ (1)ဂဏန်း (4)ဂဏန်း နဲ့ (8)ဂဏန်း သမားတွေနဲ့ အဆင်မပြေတတ်ကြပါဘူး။ သူတို့နဲ့ အကျိုးပေးတဲ့ အလုပ်တွေကတော့ ပန်းချီ၊ ပန်းပု၊ ဂီတ၊ သရုပ်ဆောင် ၊ မော်ဒယ် စတဲ့ အနုပညာရပ်အမျိုးမျိုး၊ စာပေ ရေးသားခြင်း၊ ခရီးသွားခြင်းနှင့် ပတ်သတ်သော လုပ်ငန်းများ၊

နိုင်ငံခြားဘာသာစကား သင်ကြားခြင်းလုပ်ငန်းများ၊ ကလေး သူငယ် နှင့် ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းများ၊ အဝတ်အထည် ဒီဇိုင်းပညာရှင်၊ အမျိုးသမီး အလှအပ ပြုပြင်ခြင်းလုပ်ငန်းများ၊ အမျိုးသမီး အလှအပဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်ခြင်း နှင့် ရောင်းဝယ်ဖောက်ကားခြင်း၊ စတိုးဆိုင် လုပ်ငန်းတွေ အကျိုးပေးပါတယ်။ သောကြာဂြိုဟ်ဟာ မိန်းမသားတွေကို စိုးမိုးတဲ့ဂြိုဟ်ဖြစ်တာကြောင့် အမျိုးသမီးတွေနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းမှန်သမျှ အကျိုးပြုနိုင်ပါတယ်။

ကမ္ဘာကျော် (6)ဂဏန်းသမား တွေကတော့-

ပန်းချီ၊ ပန်းပု၊ သိပ္ပံပညာ စွယ်စုံရတဲ့ မိုက္ကယ်အိန္ဂ်လိုက (6)ရက်ဖွား၊

မိုနာလီဇာပန်းချီကား ဖန်တီးရှင် လီယိုနာ ဒိုဒါဗင်ချီက (15)ရက်ဖွား၊

နက္ခတ်ပညာရှင် ဝီလီယံ ဟာရှဲလ် က (15)ရက်ဖွား၊

နက္ခတ်တာရာကြည့်မှန်ပြောင်းကို တီထွင်ခဲ့တဲ့ ဂလီလီယိုက (15)ရက်ဖွား၊

ဟောလီးဝုဒ် ရုပ်ရှင်မင်းသား ဘဝကနေ သမ္မတ ဖြစ်လာသူ ရော်နယ်ရီဂင်က (6)ရက်ဖွား၊

ဆိုဗီယက် ယူနီယံ KGB အကြီးအကဲဟောင်း ယူရီ အင်ဒရိုပေါ့ဗ်က (15)ရက်ဖွား၊

ပါလက်စတိုင်း လွတ်မြောက်ရေးခေါင်းဆောင် ရာဆာအာရာဖတ် က(24)ရက်ဖွား၊

အမေရိကန် တီထွင်သူနဲ့ သန်းကြွယ်သူဌေးကြီး ဟောင်းဝပ်ဟူးက (24)ရက်ဖွား၊

Apple ကွန်ပျူတာကုမ္ပဏီ တည်ထောင်သူ စတီဗင်ပေါလ်ဂျော့ က (24)ရက်ဖွား၊

ဂေါ့ဒ်ဖားသားဝတ္တုကြီးနဲ့ ကမ္ဘာကျော်ခဲ့တဲ့ စာရေးဆရာကြီး မာရီယိုပူဇို က (15)ရက်ဖွား၊

အဆိုတော် နဲ့ သရုပ်ဆောင် ဂျနီဖာလိုပက်ဇ်က (24)ရက်ဖွား၊

ပြင်သစ် အာဇာနည် သူရဲကောင်း မလေး ဂျူန်းအော့အာ့ခ် က (6)ရက်ဖွား၊

စာရေးဆရာမကြီး အာဂါသာ ခရစ္စတီးက (15)ရက်ဖွား၊

ဘောလုံးစတား ရော်ဗင်ဗန်ပါစီ က (6)ရက်ဖွား၊

မင်းသားကြီး ဆီဗက္စတာ စတားလုံးက (6)ရက်ဖွား၊

အီရန်ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခိုမေနီက (24) ရက်ဖွား၊

နပိုလီယံ ဘိုနာပတ်က (15)ရက်ဖွား၊

လူမည်းခေါင်းဆောင် မာတင်လူသာကင်း က (15)ရက်ဖွား၊

ဂျာမန် ဗိုလ်ချုပ်ကြီး အာဝင်ရွန်းမဲက (15)ရက်ဖွား၊

စိတ်သရုပ်ခွဲပညာရှင် ဒေါက်တာ ဆစ်ဂမန်ဖရွိုက်က (6)ရက်ဖွား၊

Lawrence of Arabia လို့ကျော်ကြားခဲ့တဲ့ တီအီးလောရင့်စ် က (15)ရက်ဖွား၊

ကမ္ဘာကျော် မိတ္တဗလဋီကာ နဲ့ သောကကင်းဝေးနေနိုင်ရေး ကျမ်းကြီးတွေကို ပြုစုခဲ့တဲ့ ဒေးလ်ကာနက်ဂျီက (24)ရက်ဖွား၊

ကွယ်လွန်ချိန်မှာ မိမိပိုင် ငွေအားလုံးကို လှူဒါန်း ပစ်ခဲ့တဲ့ အမေရိကန် သံမဏိသူဌေးကြီး အင်ဒရူးကာနယ်ဂျီက (24)ရက်ဖွား၊

စာရေးဆရာကြီး အလက်ဇန်းဒါးဒူးမားက (24)ရက်ဖွား၊

စာရေးဆရာကြီး ဆာဝေါ်လတာ စကော့က (6)ရက်ဖွား အသီးသီးဖြစ်ကြပါတယ်။ Crd

ဆရာမစီမှာ အချစ်ရေး၊ အိမ်ထောင်ရေး ၊ လူမူရေး၊ စီးပွားရေး သိုက်ဆက် အကြားအမြင် မေးမြန်းချင် သူများ အသေးစိတ်ေ မးမြန်နိုင်ပါပြီ #ဆရာမရွှေရုပ်လွှာအကြားအမြင် ဗေဒင် လက္ခဏာ

Leave a Reply

Your email address will not be published. Required fields are marked *